Saturday, October 11, 2008

အသည်းကွဲ(၂၄)နာရီ အပိုင်း(၂)>>>><<<<

မနေ့ကမှ ကိုယ့်ကိုယ်ကို ငုံ့ကိုင်းကြည့်မိရဲ့
ကျွန်တော့်ရဲ့ ထွက်သက်ဝင်သက်ကလေးတောင်
အရပ်အတော်မြင့်ခဲ့ပြီ။
လမ်းထိပ်က သွေးနွေးသတ္တ၀ါတွေ အတိုင်းပါပဲ
လောကဓံ ခွန်းကြီး၊ခွန်းငယ်တွေကြားမှာ
ကျွန်တော်ဟာလည်း ၀ူးဝူးဝါးဝါးနဲ့
'လူ' အဖြစ် 'ပွင့်' ခဲ့ရတာပါ။
တကယ်ဆို ကဗျာဟာ
အချစ်ဦးမသိအောင် ရေးရတဲ့အရာပေါ့
ကံ့ကော်နဲ့ အဖူးရောအပွင့်ရော လွဲခဲ့ရသလိုမျိုး ဘာညာဘာညာ
အဲဒီလို မာယာအမှုကိုလည်း
ကိုယ်တိုင်ကိုယ်ကျ ပြုခဲ့ဖူးပြီ။
တစ်ခါတစ်ရံ လေပူတွေ အဝေ့မှာတော့
လမ်းလျှောက်သူတို့ရဲ့ ဘာသာဘာဝ တုန်ခါယိမ်းသွေဖူးတယ်
အဲဒါကလွဲရင် သူလိုကိုယ်လိုလောက်တောင်
ကျွန်တော် မကောက်ကွေ့ခဲ့ပါဘူး။
ကျွန်တော်နဲ့သိုးထိန်းတို့ ခုလိုစကားစိမ်းဆိုကြ
သြော် တစ်ခုတော့ရှိတယ်
ကျွန်တော်မပါဘဲနဲ့လည်း ဧရာဝတီမြစ်ဟာ စီးမြဲစီးနေလိမ့်မယ်
အဲဒါကို ပြောဖို့ကျန်ခဲ့တယ်။ ။
မှတ်ချက်။ တာရာမင်းဝေ၏ ကဗျာလေးတစ်ပုဒ်အား ခေါင်းစဉ်ပြောင်းတင်ထားပေးပါသည်။
ကမ္ဘာပေါ်မှာရှိသမျှလူတိုင်းလူတိုင်း အသည်းကွဲခြင်းမှကင်းလွတ်နိုင်ကြပါစေ။

No comments: